Member ၀င်ရန်.............

Wednesday, May 15, 2013

ကမ္မဌာန်း ( ၄၀ )

သမထနှင့် ၀ိပဿနာ
ဓမ္မဖိုရမ်တွင် ဓမ္မမိတ်ဆွေတို့နှင့် သမထ၊ ၀ိပဿနာ အကြောင်း ဆွေးနွေးရာမှ ဖတ်ရှုလေ့လာမိသမျှကို မျှဝေပါဦးမည်။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်စာအုပ်တွင် သမထဆိုသည်မှာ တစ်ခုတည်းသော အာရုံကို စွဲမြဲစွာ ယူထားသည့် စိတ်အလုပ်ဟု ဖော်ပြထားပါသည်။ ၀ိပဿနာဟူသည်မှာ ဘုံသုံးပါးတို့တွင် ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တတို့ကို ရှုမှတ် ဆင်ခြင်သည့် ဉာဏ်အလုပ်ဟု သိရှိထားပါသည်။

နှစ်မျိုးစလုံး တူညီနေသည်မှာ ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိတ္တ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ၊ ၀ိစိကိစ္ဆာစသော နီဝရဏတရားများ ဖယ်ရှားရန်လိုအပ်ခြင်းမှာ တူနေပါသည်။ သမထတွင် ပရိကမ္မနမိတ်၊ ဥဂ္ဂဟနမိတ်၊ ပဋိဘာဂနမိတ် ၃ မျိုး ရှိတဲ့အနက် ပဋိဘာဂနမိတ်ကို ရသည့်အခါ ဥပစာရသမာဓိဟု ခေါ်ဆိုပါသည်။ ပဋိဘာဂနမိတ်ဆိုသည်မှာ မူလယူထားသော ကသိုင်းနမိတ် မဟုတ်တော့ပဲ ကသိုင်းနမိတ်နှင့် ပုံစံတူ အာရုံအတု၊ အာရုံအနုဟု ဆိုပါသည်။ စရှုစဉ်က ကသိုင်းဝန်းနမိတ်ကို ပကတိမျက်စိနဲ့ စိုက်ကြည့်ရပါသည်။ ပဋိဘာဂနမိတ်ရသည့်အခါ မျက်စိဖွင့်ထားထား၊ ပိတ်ထားထား မည်သည့်နေရာကြည့်ကြည့် ကသိုင်းနမိတ်သာ ထင်နေပါသည်။ နီဝရဏတရားတွေ မရှိတော့ပါ။ သို့သော် မခိုင်ခံ့သေး။ ဈာန်အင်္ဂါများ ဈာန်စိတ်များ ပေါ်နေသော်လည်း ရံခါရံဖန် ဘ၀င်စိတ် ကြားဝင်တတ်သည်ဟု ဖားအောက်တောရဆရာတော်ကြီး၏ကျမ်းတွင် ဖတ်ရှုရပါသည်။ ၄င်းပဋိဘာဂနမိတ်ကို အထပ်ထပ်ရှု၍ ခိုင်ခံ့လာပြီဆိုလျှင် အပ္ပနာဈာန်သမာဓိ ဖြစ်လာပြီဟု ခေါ်ဆိုပါသည်။ ဈာန်စိတ်များ အဆက်မပြတ်ဖြစ်နေပါသည်။ ဈာန်အင်္ဂါများကိုလည်း ထင်ထင်ရှားရှား သိနိုင်ပါသည်။ ပထမဈာန်ရပြီလို့ ပြောနိုင်ပါသည်။ ထိုနောက်မှာ ဈာန်အင်္ဂါများကို ရှုမှတ်၍ ပယ်သွားခြင်းဖြင့် ဈာန်အဆင့်ဆင့် ဆက်တက်သွားနိုင်ပါသည်။ ဤကား သမထအလုပ်ဟု နားလည်ထားပါသည်။
ဝိပဿနာအလုပ်သည် ဉာဏ်အလုပ်ဖြစ်ပါသည်။ မိုးကုတ်ဆရာတော်ကြီးက သမာထဆိုသည်မှာ ရိုးရိုးမျက်စိနဲ့ ကြည့်ရသည်။ ၀ိပဿနာကတော့ ဉာဏ်နှင့် ကြည့်ရသည်ဟု နားလည်လွယ်အောင် မိန့်ခဲ့ပါသည်။ ရုပ်နာမ်တို့၏ ဖြစ်ပျက်အမှန်ကို ယျထာဘူတ ကျကျ မြင်နိုင်ရန်မှာ နီဝရဏတရားများ ဦးစွာ ဖယ်ရှားရပါသည်။ သမာထကနေ ဈာန်သမာဓိရပြီး ၀ိပဿနာကူးရာတွင် မူလယူထားတဲ့ သမထအာရုံမှ ရုပ်၊ ဝေဒနာ၊ စိတ်၊ ဓမ္မ တို့၏ ဖြစ်ခြင်း ပျက်ခြင်းကို ပြောင်းပြီး ရှုဆင်ခြင်ဖို့ လိုပါသည်။
သမထပိုင်းမှာ ကမ္မဋ္ဌာန်း (၄၀) ရှိပါသည်။ ယင်းတို့မှာ -
(၁) ကသိုင်း (၁၀) ပါး။ ရေ၊ မြေ၊ လေ၊ မီး၊ နီ၊ ၀ါ၊ ညို၊ ဖြူ၊ ကောင်းကင်၊ အလင်းရောင်
(၂) အသုဘ (၁၀) ပါး။
(၃) အနုဿတိ (၁၀)ပါး ။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ၊ (ရတနာ ၃ ပါးဂုဏ်ကို ဆင်ခြင်ခြင်း)၊ သီလာ၊ စာဂါ၊(မိမိ၏ သီလ၊ ဒါနတို့ကို ဆင်ခြင်ခြင်း)၊ ဒေ၀တာ(နတ်တို့၏ဂုဏ်)၊ ဥပသမာ(နိဗ္ဗာန်၏ ဂုဏ်ကို အောက့်မေ့ခြင်း)၊ မရဏာ (သေခြင်းကို ဆင်ခြင်ခြင်း)၊ ကာယဂတာ ( ၃၂ ကောဋ္ဌာသ)၊ အာနာပါနဿတိ (၀င်လေ၊ ထွက်လေ)
(၄) ဗြဟ္မ၀ိဟာရ ၄ ပါး။ မေတ္တာ၊ ဂရုဏာ၊ မုတိတာ၊ ဥပေက္ခာ၊
(၅) အာရုပ္ပတရား ၄ ပါး။
(၆) အဟာရေ ပဋိကူလသညာ ၁ ပါး။
(၇) စတုဓါတု၀၀တ္တာန ၁ ပါး (ခန္ဓာရှိ ဓါတ်ကြီးလေးပါး)။
ကမ္မဌာန်း ၄၀ တွင် အနုဿတိ ၁၀ ပါးအနက် ကာယဂတာဿတိနှင့် အာနာပါနဿတိတို့မှ ကြွင်းလျက် ကျန်အနုဿတိ ၈ ပါး၊ အဟာရေ ပဋိကူလသညာနှင့် စတုဓါတု၀၀တ္တာနကမ္မဌာန်းတို့သည် ဥပစာရသမာဓိကိုသာဆောင်နိုင်သော ဥပစာရကမ္မဌာန်းတို့ ဖြစ်ပါသည်။ ကသိုင်း ၁၀ ပါး၊ အသုဘ ၁၀ ပါး၊ ကာယဂတာဿတိ၊ အာနာပါနဿတိ၊ ဗြဟ္မ၀ိဟာရ ၄ ပါး၊ အာရုပ္ပ ၄ ပါး၊ ဤ ၃၀ သော ကမ္မဌာန်းတို့သည် အပ္ပနာသမာဓိကို ဆောင်နိုင်သောကြောင့် အပ္ပနာကမ္မဌာန်းဟုခေါ်ပါသည်။
ထို အပ္ပနာကမ္မဌာန်းတို့တွင် ကသိုင်း ၁၀ ပါးနှင့် အာနာပါနဿတိသကမ္မဌာန်းတို့သည် ဈာန်လေးပါး အစဉ်လိုက် စတုတ္ထဈာန်အထိ ဆောင်နိုင်သဖြင့် စတုက္ကဇ္ဈာနိကကမ္မဌာန်းများ ဖြစ်ကြသည်။ အသုဘ ၁၀ ပါးနှင့် ကယာဂတာဿတိတို့သည် ပထမဈာန်ကိုသာ ဆောင်နိုင်သောကြောင့် ပထမဇ္ဈာနိကကမ္မဌာန်းဟု ခေါ်ပါသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ ကမ္မဌာန်းတို့သည် တတိယဈာန်အတိ ပေါက်ရောက်နိုင်သော တတိယဇ္ဈာနိကကမ္မဌာန်းဖြစ်ပြီး ဥပေက္ခာနှင့် အာရုပ္ပ ၄ ပါး ကမ္မဌာန်းတို့သည် စတုတ္ထဈာန်ကိုသာ ပေါက်နိုင်သောကြောင့် စတုက္ကဇ္ဈာနိကကမ္မဌာန်းများ ဖြစ်ကြပါသည်။
ဝိပဿနာပိုင်းတွင် သတိပဌာန်တရား ၄ ပါးကို ပွါးများ အားထုတ်သူသည် မျက်မှောက်ဘ၀မှာပင် အရဟတ္တဖိုလ် ထိပေါက်နိုင်သည် တစ်ကြောင်းတည်းသောလမ်းဟု မဟာသတိပဌာနသုတ်တွင် ဟောကြားထားခဲ့ပါသည်။
ကာယနုပဿနာသတိပဌာန်သည် ၀င်လေထွက်လေ၊ ၃၂ ကောဋ္ဌာသ စသည့်ရုပ်အပေါင်းကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုခြင်းဖြင့် အသုဘအခြင်းအရာ ထင်လာပြီး သုဘ ၀ိပလ္လာသ (တင့်တယ်သည်ဟု ဖောက်ပြန်စွာမြင်ခြင်း)ကို ပယ်ရှားသည်။ ဝေဒနာနုပဿနာသည် ဒုက္ခဝေဒနာ၊ သုခဝေဒနာ၊ ဥပေက္ခာဝေဒနာတို့ကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ခြင်းဖြင့် ဒုက္ခအခြင်းအရာထင်လာပြီး ရုပ်နာမ်တို့အပေါ် သုခဟုထင်မှတ်မှားခြင်း သုခ ၀ိပလ္လာသကို ပယ်ရှားခြင်း ဖြစ်ပါသည်။ စိတ္တာနုပဿနာသတိပဌာန်သည် ဖြစ်ပေါ်လာသမျှသော ရာဂနှင့်တကွသောစိတ် ရာဂကင်းသောစိတ်စသဖြင့် ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ရာမှ စိတ်တို့၏ မမြဲသော အနိစ္စအခြင်းအရာ ထင်လာပြီး မြဲသည်ဟု ဖောက်ပြန်စွာမြင်သော နိစ္စ ၀ိပလ္လာသကို ပယ်ရှားခြင်းဖြစ်ပါသည်။ ဓမ္မာနုပဿနာသည် ကာယ၊ ဝေဒနာ၊ စိတ္တတို့မှကြွင်းသော သညာ၊ သင်္ခါရစသော ဓမ္မ၊ နီဝရဏတို့ကို ခိုင်မြဲသော သတိဖြင့် အဖန်ဖန်ရှုမှတ်ရင်း လောကတွင် အရာရာတို့သည် ပရမတ္တဓမ္မတို့သာ ဖြစ်ပျက်ပြောင်းလည်းနေခြင်း အတ္တကောင် အသက်ကောင် လိပ်ပြာကောင်တို့ မရှိဟူသော အနတ္တအခြင်းအရာကိုထင်လာပြီး အတ္တ ၀ိပလ္လာသကို ပယ်ရှားခြင်း ဖြစ်ပါသည်။
ဝိပဿနာတရား အားထုတ်မည့်သူသည် ရှေးဦးစွာ သီလမဂ္ဂင်နှင့် ပြည့်စုံရန်လိုပါသည်။ လူတို့အတွက်မူကား အာဇီဝဋ္ဌမက သီလနှင့် ပြည့်စုံရပါမည်။ မိစ္ဆာဇီဝနှင့် ကာယဒုစရိုက် ၃ ပါး (သူ့အသက်သတ်ခြင်း၊ သူတစ်ပါးပစ္စည်းခိုးခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာပြုမိခြင်း)၊ ၀စီဒုစရိုက် ၄ ပါး (လိမ်လည်ပြောဆိုခြင်း၊ ချောပြစ်ဂုံးတိုက်သော စကား၊ ပိန်ဖျင်းသောစကား၊ ရုန့်ရင်းကြမ်းတမ်းသောစကား) စသော ၈ ပါးသော မကောင်းမှုဒုစရိုက်တို့မှ ရှောင်ကျဉ်နိုင်လျှင် လူတို့အတွက် ၈ ပါးသီလ လုံခြုံပါသည်။ မဂ္ဂင် ၈ ပါးအနက် သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမာအာဇီဝ စသော မဂ္ဂင် ၃ ပါးဖြင့် ပြည့်စုံပါပြီ။
ထိုသီလမဂ္ဂင် ၃ ပါး ပြည်စုံပြီးနောက် အာနာပါနဿတိ၊ ကာယဂတာဿတိ ကမ္မဌာန်းတို့ဖြင့် ပထမဈာန် ရောက်အောင် အားမထုတ်ပဲ ဥပစာရသမာဓိ သို့မဟုတ် ခဏိကသမာဓိဖြင့် ၀ိပဿနာလမ်းကိုလိုက်လျှင် သုဒ္ဓ၀ိပဿနာယာနိကလမ်းကို လိုက်သူဟု ခေါ်ဆိုပါသည်။ သို့မဟုတ် ဈာန်၊ သမာပတ်များထူထောင်ပြီးမှ ၀ိပဿနာလမ်းလိုက်လျှင် သမာထ၀ိပဿနာယာနိကလမ်း လိုက်သူဟု ခေါ်ဆိုနိုင်ပါသည်။ ထိုလမ်းကြောင်း ၂ ကြောင်းအနက် မည်သည့် လမ်းကြောင်းကိုလိုက်သည်ဖြစ်စေ ကျန်မဂ္ဂင် ၅ ပါးဖြစ်သော သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာသတိ၊ သမ္မာဝါယာမ၊ သမ္မာသမာဓိတို့နှင့် ပြည့်စုံသည့်အခါ မဂ္ဂင် ၈ ပါး ပြည့်စုံသွားပြီး နိရောဓသစ္စာဖြစ်သည့် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်ပါသည်။
သတိပဌာန်တရား ၄ ပါး ပွါးများ အားထုတ်ရာတွင် အကြမ်းအားဖြင့် ရုပ်ကမ္မဌာန်းနှင့် နာမ်ကမ္မဌာန်း ၂ မျိုး ခွဲခြားကြည့်နိုင်ပါသည်။ ကာယယနုပဿနာကို ရုပ်ကမ္မဌာန်းဟု ခေါ်ဆိုပြီး စိတ္တာ၊ ဝေဒနာ၊ ဓမ္မာနုပဿနာတို့ကို နာမ်ကမ္မဌာန်းဟု ခေါ်ဆိုသည်ဟု နားလည်ထားပါသည်။ ထိုကမ္မဌာန်း ၂ မျိုး ရွှေးချယ်မှုနှင့်ပတ်သက်၍ ဘ၀သာသနာစာအုပ်တွင် လယ်တီဆရာတော်၊ သထုံဇေတ၀န်ဆရာတော်ကြီး၊ မိုးညှင်းဆရာတောကြီး၊ ရွှေတောင်ဆရာတော်၊ ပြည်နိဗ္ဗိန္ဒဆရာတော်၊ မဟာစည်ဆရာတော်၊ တောင်ပုလုဆရာတော်၊ ဝေဘူဆရာတော်တို့သည် ရုပ်ကမ္မဌာန်းကို အပေးများသည်။ မိုးကုတ်ဆရာတော်ကြီးက စိတ္တာနုပဿနာ နာမ်ကမ္မဌာန်းကို အပေးများသည်ဟု ဖောပြထားပါသည်။ စိတ္တာနုပဿနာကို မိုးကုတ်ဆရာတော်ကြီး သဘောကျရခြင်းမှာ-
၁) မိုးကုတ်ဆရာတော်ကြီးသည် အနှစ် ၃၀ ကျော် အဘိဓမ္မာ ပို့ချခဲ့လို့ အဘိဓမ္မာအားသန်လို့ မမြင်ရသော စိတ်-စေတသိတ် သရုပ်ခွဲရာတွင် အားသန်သည်၊ အလေ့အကျင့်များသည်ကတစ်ကြောင်း။
၂) စိတ်တို့သည် ရုပ်ထက် အဖြစ်အပျက်မြန်သည် ဒိဌိကွာလွယ်မည်။ ဒိဌိပြုတ်ရင် သောတာပန် ဖြစ်လွယ်သည်ကတစ်ကြောင်း။
၃) အရှင်သာရိပုတ္တရာက သူများစိတ် အကဲခတ်ရတာထက် ကိုယ်စိတ် အကဲခတ်ရတာ ပိုပြီး အမှန်တွေ့နိုင်သည်။ စိတ်ကိုရှုကြဟု မိန့်သည်က တစ်ကြောင်းဟု ယူဆကြောင်း ၄င်းစာအုပ်တွင် ဖော်ပြထားပါသည်။ သို့သော်လည်း မိုးကုတ်ဆရာတော်ကြီးကလည်း ကိုယ်နဲ့ လိုက်ဖက်တဲ့ တရားနာပါလို့ မိန့်ပါသည်။ “ရုပ်ကြိုက်လား၊ စိတ်ကြိုက်လား၊ ဝေဒနာကြိုက်လား၊ ဓမ္မသဘောကြိုက်လား အဆင်ပြေတာရှုပါ”ဟု တိုက်တွန်းခဲ့ပါသေးသည်။
အချုပ်အားဖြင့် မဟာစည်ဆရာတော်ကြီး၏ ဓမ္မာစင်္ကြာတရားတော်(၁)အရ သတိပဌာန်တရားလေးပါးမှ ကင်းလွတ်ပြီး မဂ်ဖိုလ်ရခြင်းသည် မရှိဟု ဟောကြားထားသည့်အတွက် သတိပဌာန်တရား ၄ ပါးကို ပွါးများခြင်းသည်သာ တစ်ကြောင်းတည်းသောလမ်း ဖြစ်ပါသည်။ သောတာပန် ဖြစ်ဖို့မှသည် ရဟန္တာဖြစ်သည်အထိ တစ်ကြောင်းတည်းသောလမ်းကို ၄ ကြိမ် လျှောက်ရမည် ဖြစ်ပါသည်။ ကမ္မဌာန်းရွှေးချယ်ရာတွင်လည်း စရိုက် ၆ မျိုး ရှိသည့်အနက် မိမိစရိုက်နှင့် သင့်တော်ဖို့ အရေးကြီးသည်ဟု မှတ်သားဘူးပါသည်။ သတိပဌာန် ၄ ပါးလုံးကို ရှုကြည့်ပါ။ မိမိအားသန်ရာ ကမ္မဌာန်းတစ်ခုခုကို ရှုရင်းဖြင့် သတိထားမိလာပါလိမ့်မည်။ အားသန်ရာကို စွဲစွဲမြဲမြဲ အားထုတ်ဖို့သာလိုပါသည်။ ရုပ်ရယ် စိတ်ရယ် ဝေဒနာရယ် ဘယ်ဟာရှုရှု ဖြစ်ပျက်ဆုံး ဖြစ်ပျက်မုန်းပါက အသင်္ခတ နိဗ္ဗာန်က ဆီးကြိုနေမည်ဟု ယုံကြည်ပါသည်။ သတိပဌာန်တရား ပွါးများသူသည် ၇ ရက်မှ ၇ နှစ်အတွင်း အရဟတ္တဖိုလ်ဖြစ်စေ၊ ဥပါဒါန်အကြွင်းရှိလျှင် အနာဂါမိဖိုလ်ဖြစ်စေ ၂ ခုအနက် တစ်ခုခုသောဖိုလ်ကို ရမည်ဟု မဟာသတိပဋ္ဌာနသုတ်တွင် ဟောကြားထာသောကြောင့် “သူတော် ဆည်းကပ်၊ မြတ်တရားနာ၊ လျော်စွာ နှလုံး၊ ကျင့်သုံး ဇွဲသန် မြတ်နိဗ္ဗာန်သို့”ဟူသော အဆုံးအမနှင့်အညီ အားထုတ်သွားကြပါရန် စေတနာရှေ့ထား၍ အကြံပြုတိုက်တွန်းအပ်ပါသည်။
ချမ်းသာစစ်နဲ့ ပြည့်စုံကြပါစေ။

Reactions:

0 comments:

Post a Comment