Member ၀င်ရန်.............

Thursday, May 2, 2013

ရဟန်းသံဃာတော်များနှင့် ပြောဆိုဆက်ဆံခြင်း

ရဟန်းသံဃာတော်များနှင့် ပြောဆိုဆက်ဆံရာ၌ မင်း၊ ငါ၊ ကျုပ်၊ ခင်ဗျား၊ ကျွန်တော်၊ ကျမ စသည်ဖြင့် ပြောဆိုခြင်း မပြုရ။ မိမိကိုယ်ကိုပြောလျှင် “တပည့်တော်၊ ဘုရားတပည့်တော်” ဟုသုံးနှုန်းပြောဆိုရမည်။ “မင်း၊ သင်၊ ခင်ဗျား၊” အစား “အရှင်ဘုရား” ဟု သုံးနှုန်းပြောဆိုရမည်။ ခေါ်သောအခါမှာလည်း “ကိုရင်ဘုရား၊ ဦးပဉ္ဇင်းဘုရား၊ ဆရာတော်ဘုရား၊ ဘုန်းဘုန်းဘုရား” ဟု ခေါ်ဝေါ်သုံးနှုန်းရမည်။


             ရဟန်းသံဃာတော်များကို လူပုဂ္ဂိုလ်များက ပြောဆိုလျှောက်ထားရာ၌ “ထမင်းစားပါဘုရား၊ ဟင်းစားပါဘုရား” စသည်ဖြင့် မပြောရပါ။ ဤသို့ပြောလျှင် ရဟန်းသံဃာတော်များမှာ ဝိနည်းသိက္ခာပုဒ်အရ ဘုဉ်းပေးသုံးဆောင် ခွင့် မရှိတော့ပေ။ ထမင်းအစား “ဆွမ်း” ဟုသုံးနှုန်းရမည်ဖြစ်ပါသည်။ “ဆွမ်းဘုဉ်းပေးပါဦး ဘုရား၊ ဆွမ်းဟင်းများ ပြည့်စုံပါသလားဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရမည်ဖြစ်သည်။ ရဟန်းသံဃာတော်များ ခရီး သွားနေစဉ် မိမိက ခဏခေတ္တရပ်တန့်စေပြီး စကားပြောလိုလျှင် “ရပ်တော်မူပါဦးဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရပါသည်။

      ဆွမ်းခံကြွလာလျှင် လောင်းလှူလိုပါက “ရပ်တော်မူပါဦးဘုရား” ဟုလျှောက်ထားပြီး ရိုသေစွာ ဆွမ်းနှင့် ဆွမ်းဟင်းများကို လောင်းလှူရသည်။ မလောင်းလှူနိုင်ပါကလည်း “ကန်တော့ပါသေးရဲ့ဘုရား ကန်တော့ဆွမ်းပါဘုရား” စသည်ဖြင့် ပြောဆိုလျှောက်ထားရသည်။ လမ်းမှာ ခဏ ခေတ္တရပ်၍ ရဟန်း သံဃာတော်များနှင့်လည်း စကားပြောဆိုပါက ရှေးဦးစွာ လက်အုပ်ကလေးချီ၍ ဦးညွတ်လိုက်ပြီးမှ ဆက်လက်ပြီး စကားပြောရသည်။ ရဟန်းသံဃာတော်များထံသို့ သွားသောအခါ မိမိတွေ့ရှိသည့် ရဟန်းသံဃာတော်အား ရှေးဦးစွာရှိခိုးဦးချရသည်။ မြတ်စွာဘုရားဆင်းတုတော်များရှိသော နေရာဖြစ်ပါက ရှေးဦးစွာ မြတ်စွာဘုရား ဆင်းတုတော်အားရှိခိုးပြီးမှ ရဟန်းသံဃာတော်များကို ရှိခိုးဦးချရသည်။

ရှိခိုးဦးချနည်း
စေတီတော်၊ ရုပ်ပွားဆင်းတုတော်များနှင့် ရဟန်းသံဃာတော်များကို ရှိခိုးဦးချသောအခါ စနစ်ကျရန်လိုပါသည်။
(က)။ အမျိုးသားဖြစ်ပါက ရှေးဦးစွာ ဆောင့်ကြောင့်ထိုင်ပါ။ (အမျိုးသမီးဖြစ်က ကြုံ့ကြုံ့ထိုင်ရန်)
(ခ)။တံတောင်နှစ်ခုကို ဒူးနှစ်ဖက်ပေါ်သို့တင်၍ လက်နှစ်ဖက်ကို (လက်ငါးချောင်း အချင်းချင်း ညီညီညာညာ ဖြစ်စေလျက်) ယှက်မိုးပြီး နဖူးအလယ်တည့်တည့်ကို ရောက်အောင်ထားပါ။ ထိုအခါ လက်နှစ်ဖက်ယှက်မိုး ထားခြင်းသည် ကြာငုံဖူးကလေးကဲ့သို့ တင့်တင်တယ်တယ် ရှုစဖွယ်လေးဖြစ်ပါလိမ့်မည်။

(ဂ)။ သုံကြိမ် ရှိခိုးဦးချပါ။
(၁)။ ပထမအကြိမ် ဗုဒ္ဓံ ပူဇေမိ။
(၂)။ ဒုတိယအကြိမ် ဓမ္မံ ပူဇေမိ။
(၃)။ တတိယအကြိမ် သံဃံ ပူဇေမိ။

ဤ “ဗုဒ္ဓံ ပူဇေမိ” စသည်တို့ နှုတ်ဖြင့် အသံထွက်အောင် ရွတ်ဆိုရန် မလိုပါ။ စိတ်ထဲက အဓိပ္ပါယ်ပေါက်အောင် နှလုံးသွင်း၍ ရှိခိုးဦးချရန်ဖြစ်သည်။ ရှေးဦးစွာ ပါဠိကို အသံထွက်ပီသအောင် လေ့လာကျက်မှတ်ထားပါ။ အနက် အဓိပ္ပာယ်ကိုလည်း ရအောင်သိအောင်ကြိုးစားထားပါ။

အနက်
(၁)။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။
(၂)။ ဓမ္မံ၊ တရားတော်မြတ်ကို ၊ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။
(၃)။ သံဃံ၊သံဃာတော်မြတ်ကို၊ ပူဇေမိ၊ ပူဇော်ပါ၏ အရှင်ဘုရား။

(ဃ)။ထိခြင်းပါးမျိုး
ရှိခိုးဦးချရာ၌ ထိခြင်းငါးမျိုးနှင့် ညီညွတ်အောင် ရှိခိုးဦးချရပါသည်။ မြေပေါ်မှာ ရှိခိုးက မြေနှင့်ထိအောင်၊ ကြမ်းပေါ်မှာ ရှိခိုးက ကြမ်းနှင့်ထိအောင် ၊ ဖျာပေါ်မှာရှိခိုးက ဖျာနှင့်ထိအောင်၊ ကော်ဇောပေါ်မှာ ရှိခိုးဦးချရသည်။ ယင်းထိခြင်းငါးမျိုးဆိုသည်မှာ ဒူးနှစ်ဖက်၊ တံတောင်နှစ်ဖက်နှင့် နဖူးဟူသော ငါးမျိုးတို့ကို ကြမ်းပြင်သို့ထိအောင် ရှိခိုးဦးချခြင်းဖြစ်သည်။

Reactions:

0 comments:

Post a Comment