Member ၀င်ရန်.............

Tuesday, May 21, 2013

ကဆုန်လပြည့်



ကဆုန်သည် မြန်မာပြက္ခဒိန်၏ဒုတိယလ ဖြစ်သည်။ ကဆုန်လတွင် ၃၀ ရက်ရှိသည်။ ရက်စုံသောလ ဖြစ်သည်။ဒုတိယလဖြစ်သည့် ကဆုန် (ကုဆန်) လသည် ခရစ်ပြက္ခဒိန်တွင် ဧပြီလ-မေလ အတွင်းဖြစ်သည်။ 'ကု' သည် 'ရေ' ဟုအဓိပ္ပာယ်ရပြီး 'ဆုန်' မှာ 'သွန်းလောင်းခြင်း' အဓိပ္ပာယ် ရှိသည့်အတွက်ကြောင့် အလွန်ပူပြင်းသည့်နွေရာသီ၏ အပူဒဏ်ကြောင့် သစ်ပင်ကြီးငယ်တို့ကို ရေလောင်းပေးရသည်ဟု ယူဆပါသည်။ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ ဗောဓိညောင်ပင်၏ မျိုးပွားအပင်များကို မြန်မာတို့ဆောင်ယူလာကြပြီး အထွတ်အမြတ် စိုက်ပျိုးထားကာ ထိုဗောဓိညောင်ပင်တို့ကိုလည်း ရေသွန်းလောင်းလေ့ရှိပြန်သည်။ကဆုန်လ၏ အထိမ်းအမှတ် ပန်းမှာ စကားပန်း (Talauma Spongocarpa) ဖြစ်သည်။ကဆုန်လတွင် ထင်ရှားသော ပွဲတော်မှာ ညောင်ရေသွင်းပွဲ ဖြစ်သည်။
ကဆုန်လ၏ မှတ်သားဖွယ်ကြီး ၁၆-ချက်။ ။

ကဆုန်လနှင့်စပ်၍မှတ်သားဖွယ်အချက်များကား ၁၆-ချက်မျှအကျဉ်းတွေ့၏။

(၁) အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။

(၂) အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။

(၃) တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့)

(၄) သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။

(၅) ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။

(၆) ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။

(၇) စံကားပန်းပွင့်သော လ။

(၈) ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။

(၉) တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။

(၁ဝ) နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။

(၁၁) ရက်စုံသတ်သော လ။

(၁၂) နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့
ထားသော လ။

(၁၃) စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။

(၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။

(၁၅) ပြိဿရာသီ မည်သော လ။

(၁၆) ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သော လ။




ညောင်ရေသွန်းပွဲ

 ညောင်ရေသွန်းပွဲကိုကဆုန် လပြည့်နေ့ တွင် ကျင်းပကြသည်။ကဆုန်လသည် ရေများခန်းခြောက်ကာ ရေအရှားပါးဆုံး “လ” တစ်လ ဖြစ်နေ သောကြောင့် ရှေးလူတို့သည် ဘုရား အလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော် မူရာတွင် မဟာ ဗောဓိ ပင်မှ ကူးယူ စိုက်ပျိုးခဲ့သော မဟာဗောဓိ ပင်ကြီး ရေခန်းခြောက် မှု ကြာင့် သေဆုံး မသွားစေရန် ရေအပြတ် လတ်ဆုံး ဖြစ်သော ဤကဆုန်လတွင် ညောင်ရေသွန်းလောင်း၍ ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်ကြသော လူမျိုးတို့သည် ယနေ့အချိန်ထိ ညောင်ရေသွန်းပွဲတော်အား ရခိုင့် ဗုဒ္ဓဘာသာ ယာဉ်ကျေးမှု အစဉ်အလာတခုအဖြစ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗောဓိပင်အား ညောင်ရေသွန်းခြင်း၊ ပန်းနံ့သာ ကပ်လှူ ခြင်းများကို နှစ်စဉ်နှစ်တိုင်း ကျင်းပ ပြုလုပ်လျက် ရှိကြောင်း သိရသည်။


ကဆုန်လ၌ ကြုံရသော - ဗုဒ္ဓနေ့ ပွဲတော် (ရဝေထွန်း)

ကဆုန်လ၌ ကြုံရသော - ဗုဒ္ဓနေ့ ပွဲတော်
ဆု - ဖွား - ပွင့် - စံ၊ ဤလေးတန် မှတ်ရန် ကဆုန်လ
(ရဝေထွန်း)

        သုမေဓာ ဘဝက ဒီပင်္ကရာ မြတ်စွာဘုရား ထံတော်၌ ဘုရားဖြစ်ရန် နိယတ ဗျာဒိတ်ပန်းကို ဆွတ်လှမ်း ပန်ဆင်တော် မူခဲ့ခြင်း၊ ဖွားမြင်တော် မူခြင်း၊ ဤ ဘဒ္ဒကမ္ဘာ၌ သဗ္ဗညုတ အစစ် ဘုရား အဖြစ်သို့ ရောက်တော်မူခြင်းနှင့် နိဗ္ဗူကြငှန်း စံမြန်းတော် မူခြင်း အားဖြင့် ဤ ကဆုန် လပြည့်နေ့သည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဗုဒ္ဓမြတ်စွာနှင့် လေးကြိမ်း လေးခါ ထူးခြားစွာ ကြုံကြိုက်တော် မူခဲ့သည်၊ ကြုံကြိုက်တော် မူသရွေ့ လေးနေ့စလုံး သည်ပင် ဘုရား တစ်ဆူဆူ၏ အဖြစ်တွင် စင်စစ် အရေးအကြီးဆုံး နေ့ထူး နေ့မြတ်ကြီး များချည်း ဖြစ်နေပေ၏၊ သို့နှင့် “ကဆုန်လပြည့် - ဗုဒ္ဓနေ့” ဟူသော စကားမှာ ဂုဏ်နှင့်လျော်စွာ ဖြစ်ပေါ်၍ လာရသော စကားပင် ဖြစ်လေသည်။
        ဤ ထူးမြတ်သော ကဆုန်လသည် ရာသီအားဖြင့် ဗြိဿရာသီ ဖြစ်၏၊ ဝိသာခါ နက္ခတ်နှင့် စန်းယှဉ်၍ စကားဝါပန်းများ ပွင့်လန်းသော အချိန် ဖြစ်သည်၊ ထို့ပြင် က - မှာ ရေ ကိုဆိုလို၍ ဆုန် -မှာ ပြတ်ခြင်း ဖြစ်သဖြင့် နွေရာသီ၏ ဗဟိုကျသော ဤ လခါသည် ရေပြတ်သော ကာလဖြစ်သည်၊ ဤလတွင် ရေပြတ်သဖြင့် သစ်ပင် ပန်းပင် တို့မှာ အချို့ညှိုးနွမ်း ကြသည်၊ အချို့ သေကြေ ကြသည်၊ ထိုအခါ ဗုဒ္ဓဘာသာ တို့ ထုံးတမ်းစဉ်လာ အရ အထွတ်အမြတ် ဖြစ်သော ဘုရားပွင့်ရာ မဟာဗောဓိ ဗုဒ္ဓဟေ ညောင်ပင်ကို ညှိုးနွမ်းမည် စိုး၍ ရေသွန်း လှူဒါန်း ကြရလေသည်၊ သို့နှင့် ဗုဒ္ဓဘာသာ နိုင်ငံတို့၏ မြို့တိုင်း ရွာတိုင်း မှာပင် ဤ ကဆုန်လ၏ လပြည့်နေ့တွင် ညောင်ရေသွန်း ပွဲများကို ဆင်နွှဲကြခြင်းဖြင့် ကဆုန်လပြည့် ဗုဒ္ဓနေ့ကို သရုပ်ဖော်ကြမြဲ ပင်ဖြစ်သည်။
        “ ကဆုန်ပြိဿ၊ ကောင်းကင်ဝ၊ ထွန်းပဝိသာခါ၊ စကားပွင့်ဆဲ၊ ညောင်ရေပွဲ၊ သွန်းမြဲ အချိန်ခါ” စသည်ဖြင့် ရှေးစာဆိုတော် တို့သည် ဤ-လကဆုန်၏ ရာသီတာရာ ပွင့်လန်းရာ ပန်းနှင့်ဤ ညောင်ရေသွန်း ပွဲတော်ကို စာဖြင့် မှတ်တမ်း တင်ခဲ့ကြလေ၏။
       “ သာစွလေ…ခါနွေသဘင်၊ နှစ်သစ်ဝင်၍၊ ကောင်းကင် သော်တာ၊ ဝိသာခါနှင့်၊ ပြည့်လာ အညီ၊ ရာသီပြိသာ၊ အလှကြိုင်မြူး၊ ကွန့်ဖူးစကား၊ လှိုင်ပျံ့ရှားသည်၊ မိုးသားကျူးစ၊ ကဆုန်လဝယ်၊ လောကထွတ်ထား၊ ဘုရားသခင်၊ ရွှေပလ္လင်ထက်၊ ရွှေပင် ရောင်တောက်၊ ညောင်တော် အောက်၌၊ ပေါက်သည်ကိုမူ၊ အကြောင်းယူ၍၊ မဉ္ဇူလှရာ၊ ပန်းတကာကို၊ မြူတာတကောင်း၊ မသင်းတောင်းဝယ်၊ သွန်းလောင်း ရေပြည့်၊ ဖြိုးမျှထည့်လျက်၊ ပတ်လှည့်ညာကြေ၊ သျှင်တော်မွေကို၊ ရိုသေသဘင်၊ ပွဲကြီးယင်၍၊ ကြည်လင်သဒ္ဓါ၊ ငြိမ့်ကြောင်းရှာသည်၊ အခါညောင်ရေ သွန်းတည့်လေ - ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေ” ။
       အင်းဝခောတ် စာဆိုတော် ဦးအောင်ကြီး၏ ခေတ်ပြ ကြေးမုံလူးတား ကဗျာဖြစ်၏၊ ဦးအောင်ကြီးသည် သက္ကရာဇ် ၁၀၇၆ - မှ ၁၀၉၅ - အတွင်း အင်းဝပြည် တနင်္ဂနွေမင်းခေါ် သီရိပဝရ မဟာဓမ္မရာဇမင်း လက်ထက် ထင်ရှားသော စာဆိုတော်ကြီး တစ်ဦး ဖြစ်၏၊ ထိုအချိန် အခါက ဤကဆုန်လတွင် ညောင်ရေ သဘင်ပွဲ အကြီးအကျယ် ဆင်နွဲမြဲဖြစ်ရာ ယခုခေတ်ကဲ့သို့ ကဆုန်လပြည့် နေ့တွင် သာမဟုတ်၊ လပြည့်ကျော် (၈) ရက် နေ့၌ပါ ညောင်ရေသွန်း ရကြောင်း လောကဗျူဟာ အင်ရုံ စာတမ်းတွင် ဖော်ပြ ထားလေသည်၊ ကဆုန် လကွယ်နေ့တွင်မူ - ရေချမ်းအိုး အလှူတော်ဟူ၍ (ဇရပ်တန်ဆောင်း ကျောင်းကန် ဘုရားများသို့ ရေချမ်းအိုးများ ထမ်းရွက်၍ ပို့လှူခြင်း) သီးခြား အလှူတစ်မျိုး ရှိသေးကြောင်း ယင်းစာတမ်းတွင် ဖတ်ရှု့ရပေသည်။
       ညောင်ရေသွန်း ရာ၌ ကဆုန်လသည် ရေပြတ်သော လဖြစ်၍ ဘာသာရေး ထုံးတမ်းအရ ဗောဓိညောင်တော် ညှိုးနွမ်းမည်စိုး၍ ရေသွန်းရခြင်း အစဉ်အလာ မှတ်သား ကြသော်လည်း ထို လောကဗျူဟာ အင်ရုံ စာတမ်းတွင်မူ ထူးခြားသော မှတ်ချက် တစ်ရပ်ကို တွေ့ရ၏။
        ပတ္တမြားစေတီ ရေသွန်းရာမှာ ရမည်းသင်း မင်းတရား လက်ထက်တွင် ကဆုန်လ မိုးမရွာ၍ အိမ်မက်ရာတွင် ပတ္တမြားစေတီ ဘုရား ညောင်ရေသွန်းကို စီရင်၍ သွန်းရာတွင် အပြန်ကို မိုးသည်းစွာ ရွာသည်၊ သည်နှစ် ကစ၍ ပတ္တမြား စေတီ ဘုရားညောင်ရေကို သွန်းရသည် (၎င်း ကျမ်း ၃၀၀) ။
        ဤ မှတ်တမ်း အရဆိုသော် ညောင်ရေ သွန်းခြင်းကြောင့် မိုးရွာကြောင်း၊ မိုးရွာရန် အစဉ်အမြဲ ညောင်ရေ သွန်းရကြောင်း သိရ၏၊ လယ်ယာ စိုက်ပျိုးရေး နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ အတွက် အထက်ပါ မှတ်တမ်း အရဆိုက ညောင်ရေ သွန်းခြင်းသည် ဘာသာရေး အတွက်သာ မဟုတ်၊ တိုင်းပြည် ဝပြော သာယာရေးပါ အကျုံးဝင်ကြောင်း မှတ်သား သင့်ပေသည်။
        ညောင်ရေ သွန်းခြင်း အပြင် ဗုဒ္ဓနေ့ သရုပ်ဖော်မှု ကိစ္စတစ်ရပ် ရှိပေသေးသည်၊ ထိုကိစ္စကား ဗုဒ္ဓ ရုပ်ပွားတော် များအား အနေကဇာ တင်ခြင်း ကိစ္စ ပေတည်း။ အနေကဇာတင် ဟူသည်မှာ ဗုဒ္ဓ ရုပ်ပွားတော် ဥဒ္ဒိဿစေတီ စသည်အား အနေကဇာတိ သံသာရံ - စသော ပထမ ဗုဒ္ဓဝစန ဂါထာတော် တို့ဖြင့် ရွတ်ဆို ရင့်ကျူး၍ အထူးတလည် အမွန်းတင်ကာ ဗုဒ္ဓါ ဘိသေက မင်္ဂလာ သဘင် ဆင်ယင်ခြင်းပင် ဖြစ်၏။
        ကဆုန် လပြည့်နေတွင် လူတွင် ထင်ရှား ဘုရားအဖြစ်သို့ ရောက်တော်မူသော မြတ်စွာဘုရား ကိုယ်တော်မြတ်သည် ဝမ်းမြောက် ယိုဖိတ် ကြည်နူးစိတ်ဖြင့် မျိုသိပ်၍ မထားဘဲ ဘဝများစွာက ခန္ဓာအိမ်များကို ပြုလုပ်ဖန်တီးလာခဲ့သော တဏှာ လက်သမားကြီးအား “သင့် အကြောင်းကို ငါ သိရပြီ၊ ငါ၏ ခန္ဓာအိမ်ကို သင် မပြုလုပ် ရတော့ပြီ ” စသည်ဖြင့် (စိတ်တော်ဖြင့်) ရွတ်ဆို ပြောကြား ကြုံးဝါး ကျူးရင့် လိုက်သော ဥဒါန်း ဂါထာတော်ကြီး ပင်ဖြစ်၏၊ ထို့နောက် “ ယဒါ ဟဝေ ပါတု ဘဝန္တိဓမ္မာ ” စသော သုံးဂါထာကို နှုတ်ဖြင့် ထုတ်ဖော်၍ ရှေးဦးစွာ ရွတ်ဆိုတော် မူခဲ့ပြန်၏။
        ထို ပထမ ဗုဒ္ဓဝစန ဥဒါန်းဂါထာ များအပြင် ပဋိလုံ၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော် တို့နှင့် ပုဗ္ဗဏှ သုတ္တန်များကို စုပေါင်း၍ အနေကဇာတင် ပါဠိ အစဉ်ပြုလုပ်ကာ ဥဒ္ဒိဿ စေတီတို့အား ဤ အနေကဇာ တင်ခြင်း အစဉ်အလာ ပြုခဲ့ ကြပေသည်။ (အနေကဇာ တင်ခြင်းနှင့် စပ်၍ ကြားဖြတ် ရေးသား လိုသည်မှာ အချို့က ဗုဒ္ဓ ရုပ်ပွားတော် များမှာ အနေကဇာ တင်မှသာ ဘုရားဟု အသိအမှတ် ပြုထိုက်သည်၊ အနေကဇာ မတင်ရသေးလျှင် ဘုရား မဟုတ်သေးကြောင်း မှတ်ယူစွဲပိုက် ထားကြလေသည်၊ အမှန်မှာ အနေကဇာ တင်ခြင်း မတင်ခြင်း သည် ဘုရား ကိုးကွယ်ခြင်းနှင့် မည်သို့မျှ မသက်ဆိုင်ချေ၊ မြတ်စွာဘုရား၏ ရုပ်ပုံတော် ပီသလျှင်ပင် ဥဒ္ဒိဿ စေတီတော် အနေဖြင့် ပူဇော်ထိုက်နေပေပြီ၊ အနေကဇာ တင်ခြင်းမှာ အမွှန်းတင်ခြင်း သာဖြစ်၍ လုပ်သင့် လုပ်ထိုက်သော ကောင်းမှု ကိစ္စရပ် တစ်ခု ဖြစ်သည့်တိုင် အနေကဇာ မတင်ဘဲလည်း ရုပ်ပွားတော်အား ကိုးကွယ် ပူဇော် ထိုက်သည်သာ ဖြစ်လေသည်။
       ဤ အနေကဇာ တင်ခြင်း အစဉ်အလာသည် သမိုင်းကြောင်း အရဆိုသော် ကြာမြင့် လှသေးသည် မဟုတ်ချေ၊ ၉၂၁ - ခုနှစ်တွင် မင်းအဖြစ်သို့ ရောက်သော ဘုရင့်နောင် (ဟံသာဝတီ ဆင်ဖြူရှင်) မင်းတရားကြီးသည် ၉၂၆ - ခုနှစ်တွင် ဇင်းမယ်ကို သိမ်းယူ အုပ်စိုးတော် မူခဲ့သည်၊ ထိုသိမ်းယူစ အချိန်က ဇင်းမယ် မဟာဒေဝီအား မြို့စားအဖြစ် ထားခဲ့သေးသော်လည်း ၉၄၁ - ခုတွင် သားတော် နော်ရထာစော အား ဇင်းမယ် ကိုပေး၍ မင်းပြုစေခဲ့သည်၊ ဇင်းမယ် ဘုရင် နော်ရထာစော သည် ဇင်းမယ်ကို မင်းပြုရာ၌ ဗုဒ္ဓသာသနာ တော်ကိုပါ ပြုစု တိုးတက်စေခဲ့ရာ ဇင်းမယ် ရိုးရာ ဖြစ်သော ဂြိုလ်ကြီးကိုးလုံး ပူဇော်သော အလေ့အထကို သာသနာပြု ဆရာတော်များနှင့် တိုင်ပင်၍ ဘုရားကိုးဆူ ပူဇော်သော အလေ့သို့ ပြောင်း၍ ပေးခဲ့သည်၊ ထို့ပြင် ဘုရား ကိုးဆူအား အမွန်းတင် ရွတ်ဆိုရာ၌ အနေကဇာတိ သံသာရံ စသော ဂါထာများဖြင့် အမွှန်းတင်၍ အနေကဇာတင် အစီအစဉ်များ ကိုပါ စီစဉ် ခဲ့လေသည်။
ထို အခါမှစ၍ ဘုရားကိုဆူ ပူဇော်ခြင်း၊ ဘုရားအနေကဇာ တင်ခြင်း ကိစ္စများ ဖြစ်ပေါ်လာပြီး ကောင်းသော ကိစ္စများ ဖြစ်သည့်အတိုင်း ဇင်းမယ်မှာ သာမက မြန်မာနိုင်ငံ သို့ပင် ရောက်ရှိ ပြန့်နှံ့၍ လာခဲ့လေသည်။
ဗုဒ္ဓနေ့နှင့် အနေကဇာတင်
        ဤ အနေကဇာတင် ကိစ္စများကို မြန်မာနိုင်ငံ၌ ဥဒ္ဒိဿ စေတီတော် စတင် ကိုးကွယ်ရာ၌သာ အပြု များကြသော်လည်း အခြား ထေရဝါဒ နိုင်ငံတို့၌ကား ကဆုန်လပြည့် ဗုဒ္ဓနေ့၌ စေတီတော်များ ရှေ့၌ ဖြစ်စေ၊ ဗုဒ္ဓနေ့ ဘဘင် ဆင်ယင်ရာ ဌာနတိုင်း၌ ဖြစ်စေ ရွတ်ဆို ပူဇော်ကြမြဲ ဖြစ်၏၊ ကျွန်ုပ်တို့ မြန်မာနိုင်ငံ ၌လည်း ဤ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပရာ နေရာတိုင်း၌ ဥဒ္ဒိဿ စေတီတော်များကို ရှေ့ရောက် ပင့်ဆောင်၍ ဖြစ်စေ၊ ရည်မှန်း၍ ဖြစ်စေ ရွတ်ဆို ကျင်းပ သင့်ကြပေသည်၊ လူပုဂ္ဂိုလ်များ အနေဖြင့် မရွတ်လိုကလည်း သံဃာတော်များအား ပင့်ဖိတ်၍ ဗုဒ္ဓါ ဘိသေက ပွဲသဘင်များ ဆင်ယင် ကျင်းပ သင့်ပေသတည်း။

ဥယျောဇဉ်တေးထပ်
*    ဗေသာခီ စန်းအယှဥ့်
နန်းပလ္လင့် ပြိဿာ၊
ဆန်းအတင့် ရိပ်သာမှာ၊
မိတ်ကလျာ ပန်ဖို့။
ရွှေစကား သင်းခရေကို
အပျင်းပြေ ခူးကောက်ချည်စို့။
*    ကျောင်းတော် ရိပ်လေချိုသာမှာ၊
နွေခိုကာ ဖြေလို့။
နေညိုမှာ မေတို့က၊
သပြေညို့ ကိုင်ဆောင်၊
ရေသွန်းရန် ဖော်အများတွေနှင့်
ပျော်တပါး သွားကြရွှေညောင်။
*    ခံဗျာဒိတ်ပွင့် မာရ် အောင်ငယ်၊
တင်စံခေါင် မြိုက်ဘုံ ကြွလေတဲ့၊
ကြိုက်ကြုံရ ထူးဘိမာသာ၊
ဦးရှိကာသာ။
ဥဒ္ဒိဿ ပရမေဘဂဝါကို၊
အနေကဇာတင် ရွတ်ပါစို့လေး။   ။

***********************************************************************
(ရဝေထွန်း)






ဝိသာခါ(ကဆုန်လ)ပွဲတော်
ဗုဒ္ဓဘာသာဝင်များရဲ့ ပွဲတော်များအနက် ၀ိသာခါပွဲတော်ဟာ အထွတ်ဆုံး၊ အမြတ်ဆုံးဖြစ်ပါတယ်။ ၀ိသာခါဆိုတာ အိန္ဒိယရဲ့လ၊ တစ်နည်းအားဖြင့် မေလ၊ မြန်မာလိုလအနေဖြင့် ကဆုန်လဖြစ်ပါတယ်။ ကဆုန်လပြည့်နေမှာပဲ မြတ်စွာဘုရားရှင်ဟာ ဖွားမြင်တော်မူ၊ သဗ္ဗညုတရွှေဥာဏ်တော်ရပြီး ဘုရားအဖြစ်ရောက်တော်မူ၊ ပရိနိဗ္ဗာန်စံဝင်တော် မူခဲ့တာဖြစ်ပါတယ်။
မတ်စွာဘုရားရှင်ရဲ့ ကိုယ်ကျိုးမငဲ့၊ အများအကျိုးကို ထမ်းရွက်ခဲ့တဲ့ဘ၀ဟာ အလွန်တရာ မှတ်သားထိုက်ပါတယ်။ ခရစ်တော်မပေါ်မီ (၆၂၃) ၀ိသာခါ(ကဆုန်လ)ရဲ့ လပြည့်နေ့မှာ  လုမ္ဗနီအင်ကြင်းတောမှာ ဖွားမြင်တော်မူခဲ့ပါတယ်။ ခမည်းတော်ဖြစ်သူဟာ ကပိလ၀တ်ပြည်ရဲ့ ဘုရင်သုဒ္ဓေါဓနမင်းကြီးဖြစ်ပြီး မယ်တော်ကတော့ မိဖုရားခေါင်ကြီး မယ်တော်မာယာ ဖြစ်ပါတယ်။ မြတ်စွာဘုရားအလောင်းတော်ဖွားမြင်တော်မူချိန်မှာ  အတိတ်ကြီး နိမိတ်ကြီးဖြစ်ပေါ်လာပြီး မျက်မမြင်များ အလင်းရခြင်း၊ နားပင်းသူများ အသံကြားရခြင်း၊ ဆွံ့အသူများ စကားပြောနိုင်ခြင်း၊ ကွေးကောက်သူများ ပြန်ကောင်းခြင်း၊ ခြေမသန်သူများသန်မာစွာလျှောက်လမ်းနိုင်ခြင်း စသည်တို့ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါကြောင့် ဘုရင်ကြီးဟာ ပညာရှိအသိတရသေ့ကြီးကို  ဘုရားအလောင်းတော်ရဲ့ လက္ခဏာကိုဖတ်ခိုင်းဖို့ ဖိတ်ကြားလိုက်ပါတယ်။ အသိတ ရသေ့ကြီးဟာ သားတော်ကိုတွေ့မြင်တာနဲ့ တစ်ပြိုင်နက် ဦးစွာရွှင်ကြည်တဲ့နှလုံးနဲ့ ပြုံးပြီးနောက် မချိတဲ့နှလုံးနဲ့ ငိုကြွေးပြန်ပါတယ်။ ထိုသဘောကို ဘုရင်ကြီးက မေးမြန်းသောအခါ ရသေ့ကြီးက နိမိတ်လက္ခဏာတော်တွေအရ သားတော်ဟာ ဧကန်စင်စစ်ဘုရားဖြစ်ပြီး လောကကြီးရဲ့ဝဋ်ဒုက္ခအပေါင်းကို လွတ်မြောက်စေမှာပဲလို့ မြင်ရလို့ ရွှင်ပြတဲ့နှလုံးနှင့်ပြုံးမိခြင်းဖြစ်ကြောင်း၊ သိုပေမယ့် သည်ပျော်ရွင်ကြည်နူးဖွယ် ရာများကို ကြုံဆုံခွင့်မရတော့ပဲ မိမိဘ၀နိဂုံးချုပ်ရမည်အကြောင်းကို ဆင်ခြင်မိတဲ့အတွက် မျက်ရည်ကျငိုကြွေးမိကြောင်းရှင်းပြ လေတယ်။
ရသေ့ကြီးက သားတော်သည် နိမိတ်ကြီးလေးပါးဖြစ်သော သူအို၊ သူနာ၊ သူသေ၊ ရဟန်းကိုမြင်၍ လောကကြီးကို စွန့်ခွာမည်ဖြစ်ကြောင်း ဘုရင်ကြီးအား ပြောကြားပေသည်။ ဘုရင်ကြီးသည် သားတော်အား ဘုရားအဖြစ်သို့ မရောက်စေလို။ လေးကျွန်းလုံးကိုပိုင်သော စကြာမင်းကြီးအဖြစ်ကိုသာ တွေ့မြင်လိုပြီး သားတော်အပါးတွင် နိမိတ်လေးပါး မကပ်နိုင်စေရန် အရပ်လေးမျက်နှာ တစ်မိုင်ခန့်စီအကွာ၌ အစောင့်များချထားလေသည်။  သိုပေမယ့် အသက် (၂၉) နှစ်ရောက်တော်မူသောအခါ အမှန်တရားလင်းရောင်ခြည်ဟာ သမ်းလို့လာပါတယ်။ ဘုရားအလောင်းတော်ဟာ နိမိတ်ကြီးလေးပါးအား တွေ့မြင်ပြီး  လူတို့သည် အဘယ်မည်သော အရပ်ကလာ၍ ဘယ်အရေးကြောင့်အသက်ရှင်နေရပြီး။ အဘယ်မည်သော အရပ်ဆီသို့ သွားကြရကုန်သနည်းဆိုတဲ့ မေခွန်းကြီးသုံးရပ်နဲ့ အဖြေကိုရှာဖို့ သူ့ဘ၀ကိုနစ်မြုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။  လူတို့သည် အဘယ်ကြောင့် အိုကြသနည်းဆိုတဲ့မေးခွန်းကို မေးပေမယ့်ဘယ်သူမှ မဖြေကြားနိုင်ပါဘူး။
နောက်ဆုံး စတုတ္ထမြောက်နိမိတ်ကြီးဖြစ်တဲ့ ရဟန်းတော်ကို တွေ့မြင်ရတဲ့အခါ ရဟန်းတော်ရဲ့ကြည်လင်အေးချမ်းတဲ့ မျက်နှာတော်ကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးတို့မှ လွတ်ကင်း စေမည့်သဘောကို ဖွင့်ပြသလို အလောင်းတော်မင်းသား ခံစားလိုက်ရပါတယ်။ ရဟန်းတော်ရဲ့သွင်ပြင်ကြောင့် စစ်မှန်တဲ့ပျော်ရွှင်ချမ်းမြေ့မူဟာ ငြိမ်းချမ်းမူနဲ့ နားလည်မူ(ကိုယ်ချင်းစာမူ) တရားတို့အပေါ်မှာ မူတည်တယ်ဆိုတာ မြင်ယောင်လာပါတော့တယ်။
ဘုရားအလောင်းတော် သက်တော်(၂၉)နှစ်အရွယ်မှာ နန်းစည်းစိမ်၊  ဇနီး၊ သားအပါအ၀င်လောကီစည်းစိမ်အားလုံးကို စွှန့်လွှတ်ပြီး တစ်ဦးတစ်ယောက်တည်း အိန္ဒိယပြည်ရဲ့တောတောင် များအတွင်းမှာ အမှန်တရားကိုရှာဖွေဖို့ထွက်လာ ပါတော့တယ်။ ဘုရားအလောင်းတော်ဟာ ဒုက္ကရစရိယ (၆)နှစ်ပတ်လုံးကျင့်ကြံပြီး ရာသီဥတုဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခြင်း၊ ပြင်းထန်စွာ ကျင့်ကြံအားထုတ်မူကြောင့် နာကျင်ကိုက်ခဲခြင်းနဲ့ အစာအာဟာရ ချို့တဲ့မူဒဏ်များခံစားရပြီး၊ နောက်ဆုံးစိတ်မကောင်းဖြစ်ရပါတော့တယ်။ ခုလို ဒုက္ကရစရိယာကို ကျင့်ခြင်းအားဖြင့် အကျိုးမပြီးကြောင်း သဘောပေါက်လာပါတော့တယ်။ သည်အခါမှာ အတူပါလာသော တပည့်သာဝကများက အစာ အာဟာရများကို အပြစ်ရှိသူနဲ့မခြား စားနေပါပြီ ဆိုပြီး သူ့အပါးက ရှောင်ခွာသွားကြပါတယ်။
တပည့်သာဝကများက စွန့်ခွာကြ၊ ရှေ့အလားအလာကလည်း မရေရာတဲ့ အခြေအနေမှာရှိနေပါတယ်။ ဘုရားအလောင်းတော်ဟာ အကိုင်းအခက်များဖြန့်ကျက်နေတဲ့ ဗောဓိပင်ရင်းမှာ ငါသည် တရားမတွေ့သမျှ ဤနေရာက မထတော့ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ထိုင်လိုက်ပါတယ်။ အဲဒီနေ့မှာပဲ ဘုရားအလောင်းတော်ဟာ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါတယ်။  ၀ိသာခါ(ကဆုန်လ)ရဲ့လပြည့်နေ့ သက်တော် (၃၅)နှစ်အရွယ်မှာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါတယ်။
မြတ်စွာဘုရားရှင်ဟာ  (၄၅)နှစ်တာကာလပတ်လုံး လှည့်လည်ပြီး သတ္တ၀ါအပေါင်းကို ဆင်းရဲခြင်းလွတ်မြောက်အောင် ဟောပြောခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ အလယ်အလတ် လမ်းစဉ်ဖြစ်တဲ့ ဟောကြားချက်များကို ဓမ္မလို့ ခေါ်တွင်စေခဲ့ပါတယ်။ စိတ်အလိုလိုက်ခြင်းနှင့် ကိုယ်ကိုညှဉ်းပန်းခြင်းဆိုတဲ့ အစွန်းနှစ်ပါးကိုရှောင်ရှားပြီး အလယ်အလတ်လမ်းစဉ်ကို ဟောကြားခဲ့တာ လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်နဲ့မခြား ယနေ့တိုင်အောင် ကောင်းမွန်မှန်ကန်လျှက် တည်ရှိနေပါတယ်။  မြတ်စွာဘုရားရှင်ဟာ သက်တော်(၈၀)အရောက် ၀ိသာခါ(ကဆုန်လ)ရဲ့ လပြည့်နေမှာပဲ ပရိနိဗ္ဗာန်စံဝင်တော်မူပါတယ်။
သည်သုံးရက်သော နေ့ထူးနေ့မြတ်ကြီးကို အထိမ်းအမှတ်ပြုတဲ့အနေနဲ့ ၀ိသာခါ(ကဆုန်လ)ပွဲတော်ကို ကျင်းပခြင်းဖြစ်ပါတယ်။
လောကရဲ့ဆင်းရဲဒုက္ခအပေါင်းဟာ အသိဥာဏ်ကင်းမဲ့မူကြောင့်ဖြစ်ရတယ်။ အမှန်တရားကို ကိုယ်တိုင်သိမြင်မှလည်း ပညာဥာဏ်ကင်းမဲ့မူကို တိုက်ဖိုက်နိုင်မယ်ဆိုတာ ဗုဒ္ဓ၀ါဒရဲ့အခြေခံ ဖြစ်ပါတယ်။ အကုသိုလ်နှင့်မတရားမူများဟာ ပညာဥာဏ်ကင်းမဲ့မူက ပေါက်ဖွားလာတယ်လို့ ရှင်တော်ဘုရားက အမြဲပဲဆုံးမဟောကြားတော်မူပါတယ်။ အကယ်၍သာ လူသားများအနေနဲ့ အရာရာကို ကြည်လင်စွာမြင်ကြမယ်ဆိုရင် လူတိုင်းအမှန်တရားကို လုပ်မိကြမှာပါ။ ဒါကြောင့်လူတိုင်းကောင်းမွန်ဖြောင့်မတ်ပြီး ကိုယ်ကျင့်တရားနဲ့ ပြည့်စုံစွာနေနိုင်ကြရအောင်ဆိုရင် အမှန်တရားမြင်ရေးဟာ ချွင်းခြက်မရှိ လိုအပ်ပါတယ်။
လူများဟာ ပညာဥာဏ်မဲ့တဲ့အခါ အကုသိုလ်များနဲ့ လောကရဲ့ ၀မ်းနည်းဖွယ်ရာများကို ကျူးလွန်ခံစားကြရပါတယ်။ ဒါကြောင့် သစ္စာလေးပါးတရားရဲ့ ပထမအချက်ဟာ ခံစားရမူ (ဒုက္ခသစ္စာ)ဖြစ်ပါတယ်။ ခန္ဓာငါးပါး၏ခံစားမူ၊ စံစားမူမှန်သမျှသည် ဒုက္ခသစ္စာမည်ပါတယ်။
လူတို့ဟာ မိမိမရနိုင်တဲ့အရာကို လိုချင်တပ်မက်နေကြတဲ့အဖြစ်တွေ၊ မိမိထမ်းရွက်ရမဲ့ တာဝန်များကရှောင်ကွင်းဖို့ ကြိုးစားနေကြတဲ့အဖြစ်တွေကို နေစဉ်နဲ့အမျှ ကြုံတွေ့ရပါတယ်။  များသောအားဖြင့် စွဲလမ်းတပ်မက်မူများဟာ လူတို့ကို ပျက်စီးစေပါတယ်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာက လိုချင်တပ်မက်မူဟာ လူတို့ရဲ့အကြီးမားဆုံးရန်သူဖြစ်တယ်လို့ ဆုံးမတော်မူခဲ့ပါတယ်။ ဘာအတွက်လဲဆိုရင် လိုချင်တပ်မက်မူကြောင့် ဆင်ခြင်တုံတရား ကင်းမဲ့စေပါတယ်။ ဒါကြောင့် သစ္စာလေးပါးတရားရဲ့ ဒုတိယအချက်ဟာ ခံစားမူရဲ့ အကြောင်းတရား(သမုဒယသစ္စာ) ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခအပေါင်းကိုဖြစ်စေသော အကြောင်းတရားသည် သမုဒယသစ္စာမည်၏။ လိုချင်တပ်မက်မူနဲ့ မပျက်မယွင်း ထိန်းသိမ်းလိုမူတို့ဟာ စိတ်မချမ်းမသာဖြစ်စေခြင်းရဲ့ အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ ပစ္စည်းဥစ္စာများအပေါ် စွဲလမ်းတပ်မက်မူကြောင့် သည်ပစ္စည်းဥစ္စာများ ပျောက်ကွယ်သောအခါ စိတ်မချမ်းမသာ ဖြစ်ကြရပါတယ်။ တစ်ခုခုအပေါ် အထင်အမြင်သေခြင်း(သို့မဟုတ်) မလိုမုန်းထားခြင်းဟာ စိတ်မချမ်းမြေ့မူနဲ့စရပါတယ်။
မြတ်ဗုဒ္ဓက အရာတစ်ခုခုကို ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)နဲ့ အရယူတဲ့အခါမှာ မိမိရဲ့ကိုယ်ကျင့်သိက္ခာများကို စွှန့်လွှတ်လိုက်ရတဲ့အခါရှိတယ်။ သို့ပေမယ့် သည်အရာဝတ္တုဟာ တစ်ခါတစ်ရံ အဖိုးတန်ချင်မှတန်ပေလိမ့်မယ်လို့ ဆုံးမတော်မူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)ဟာ အသိတရားရဲ့တန်ဖိုးကို ကျဆင်းထိခိုက် စေပါတယ်။ ဘာကြောင့်လဲဆိုရင် သည်ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)ဟာ ကိုယ်ကျင့်သိက္ခာထက် ပိုင်ဆိုင်မူ၊ မူထက် လူကို အဓိကထား ဦးစားပေးတတ်ကြလို့ပါပဲ။
သစ္စာလေးပါးတရားရဲ့ တတိယအချက်ကတော့ ခံစားမူမှလွတ်မြောက်ရေး(နိရောဓသစ္စာ) ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခအပေါင်း၏ အကြွင်းမရှိ ပြီးစီးချုပ်ငြိမ်းခြင်းသည် နိရောဓသစ္စာမည်၏။ ကိုယ်ကျိုးရှာ လိုချင်တပ်မက်မူ(လောဘ)ကို  ငြိမ်းသတ်နိုင်မှသာ ရရှိကြမှာဖြစ်ပါတယ်။
သည်တရားနဲ့ဆင်ခြင်ကြည့်မယ်ဆိုရင် သေခြင်းတရားကို ကြောက်တတ်တဲ့သဘောဟာ တွယ်တာမူ(သံယောဇဉ်)ကြောင့် ဖြစ်ရပါတယ်။ အကယ်လို့များ လူတစ်ဦးတစ်ယောက်ဟာ သူရဲ့ပိုင်ဆိုင်မူကို မတွယ်တာခဲ့ရင် ပိုင်ဆိုင်ခြင်း၊ ဆုံးရှုံးခြင်းဆိုတာ သူ့ကို တုန်လှုပ်ချောက်ချားစေမှာမဟုတ်ပါဘူး။ တွယ်တာနေသမျှတော့ ပျောက်ပျက်ဆုံးရှုံးမူရှိရင် ပူဆွေးသောက ရောက်ကြရမှာပါ။ သည်လိုပူဆွေးပြီး ငိုကြွေးနေသမျှ သူ့မှာ ပညာဥာဏ်အလင်း ဆိတ်သုဉ်းနေမှာဖြစ်ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားရှင်ရဲ့ အလယ်အလတ်လမ်းနဲ့အညီ တက်လှမ်းနိုင်အောင် မဂ္ဂင်ရှစ်ပါးတရားကို နားလည်သဘောပေါက်ဖို့လိုပါတယ်။ မဂ္ဂင်ရှစ်ပါးတရားတွေကတော့
(၁) သမ္မာဒိဠိ- သစ္စာလေးပါးတရားကို  ကောင်းစွာမြင်ခြင်း၊
(၂) သမ္မာသင်္ကပ္ပ- ကောင်းသောအကြံကိုကြံခြင်း၊
(၃) သမ္မာဝါစာ- ကောင်းသောစကားကိုဆိုခြင်း၊
(၄) သမ္မာကမ္မန္တ- ကောင်းသောအမူကိုပြုခြင်း၊
(၅) သမ္မာအာဇီဝ- ကောင်းစွာအသက်မွေးခြင်း၊
(၆)သမ္မာဝါယမ- ကောင်းစွာလုံ့လစိုက်ခြင်း၊
(၇)သမ္မာသတိ- ကောင်းစွာအောက်မေ့ခြင်း၊
(၈)သမ္မာသမာဓိ- ကောင်းစွာသမာဓိထူထောင်ခြင်းတို့ဖြစ်ကြပါတယ်။
မြတ်စွာဘုရားရှင်ဟောကြားသောတရားများကို အခြေခံပြီး ထူးခြားမြင့်မြတ်တဲ့  အဆုံးစွန်တရားလေးပါးကတော့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်တို့ ဖြစ်ကြပါတယ်။ သို့ပေမယ့် ဗုဒ္ဓ၀ါဒဟာ သမိုင်းနဲ့စာပေရူထောင့်သက်သက်ကကြည့်ပြီး လေ့လာအပ်တဲ့ ဘာသာရပ်မဟုတ်ပါဘူး။ လေ့လာမှတ်သားပြီး နေ့စဉ်ဘ၀မှာ လိုက်နာကျင့်သုံးကြဖို့ ဖြစ်ပါတယ်။ သည်လိုလက်တွေ့မကျင့်သုံးပဲနဲ့တော့ အမှန်တရားကိုသိရှိသဘောပေါက်ကြမှာမဟုတ်ပါဘူး။
ဒါကြောင့် ဗုဒ္ဓတရားတော်များကို လေ့လာမှတ်သားကြ၊ ကျင့်ကြံအားထုတ်ကြ၊ လက်တွေ့အကောင်အထည်ဖော်ကြဖို့လိုပါတယ်။ ကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်းဟာ ရည်မှန်းချက် ပန်းတိုင်ပဲ မဟုတ်ပါလား။ ဗုဒ္ဓရဲ့အဆုံးအမနဲ့ လမ်းညွှန်တရားများဟာ ယခုအချိန်ထက်ပိုပြီး လိုအပ်တာမရှိတော့ပါဘူး။ ပညာဥာဏ်အလင်းရမှလည်း ရွှင်လန်းချမ်းမြေ့မူ ရကြမှာဖြစ်သလို ထွက်ပေါ်လာမဲ့ ရလဒ်ဟာလည်း လူတိုင်းရဲ့အဓိကဆန္ဒ၊ မှန်ကန်တဲ့သဘာဝဖြစ်ကြောင်းပါ။
ဓမ္မမိတ်ဆွေအပေါင်းကျန်းမာချမ်းသာကြပါစေ
ကိုညီ
မှတ်ချက်။ ဆရာတော်အရှင်သေဠိလ၏ ဗုဒ္ဓတရားအဆီအနှစ်များစာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။



ကဆုန်လ
ခါလည်လုလု၊ ရတုသစ်သစ်
သရစ်ပေါ်ပေါ်၊ သာပျော်ရွှန်းရွှန်း
ကိန်းခန်းသင့်မော၊ ရွက်ရင့်လျှော၍
ရွက်ကြောနုလှန်၊ ရွက်သစ်ပြန်တည့်
ပန်းမန်ငုံကင်း၊ သုတ်လေညင်းနှင့်
မြေသင်းနံ့နံ့၊ တပျံ.ပျူးပျူး
မင်းလွင်မြူးလျက်၊ တန်ခူးလည်းကုန်
လကဆုန်သည်
ပဇ္ဇုန်ရိုက်မြည် ချုန်းချုန်းတည်း။

ရှင်အဂ္ဂသမာဓိ

Reactions:

0 comments:

Post a Comment