Member ၀င်ရန်.............

Wednesday, May 22, 2013

သစ္စာ ( ၄ ) ပါး


သစ္စာ (၄) ပါး တရားကိုဗာရဏသီပြည် မိဂဒါဝုန်တောတွင် ဗုဒ္ဒမြတ်စွာဟောကြားတော်မူခဲ့၏။ မြတ်စွာဗုဒ္ဒ ဟောကြားသမျှ ဒေသနာအားလုံးသည် 
သစ္စာ (၄) ပါးနှင့် လွတ်သော တရားမရှိပေ။
ဒုက္ခသစ္စာ
 ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား) ဆိုသည်မှာ ဘ၀အသစ် ဖြစ်ရခြင်းကြောင့် ဆင်းရဲခြင်း၊ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ 
သေရခြင်းဆင်းရဲတို့အပြင် စိုးရိမ်ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊
ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပြင်းစွားပူပန်ခြင်းစသော ဆင်းရဲခြင်းအပေါင်းကို ခေါ်ဆိုခြင်း 
ဖြစ်ပါသည်။ ၄င်းအပြင် မချစ်မနှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် တွေ့ဆုံယှဉ်တွဲရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်သက်အပ်သော ပုဂ္ဂိုလ်အာရုံတို့နှင့် 
ကွဲကွာရခြင်းဆင်းရဲ၊ လိုချင်လျက် မရခြင်းဆင်းရဲ၊ အကျဉ်းချုပ်အားဖြင့် ငါ။ ငါ့ဟာ စသည်ဖြင့် စွဲလမ်းတတ်သော ဥပါဒါနက္ခန္ဓာ (ခန္ဓာငါးပါး)ကို ရရှိခြင်း 
ဆင်းရဲစသော ဆင်းရဲခြင်းမျိုးအားလုံးကို ဒုက္ခသစ္စာဟု ခေါ်ဆိုပါသည်။
 လောကီနယ်ပယ် လူ တိရစ္ဆာန် စသည်တို့၏ ဘ၀သက်တမ်း တလျှောက်တွင် သာယာပျော်ရွှင်မှုဟု ဆိုအပ်သော လောကီချမ်းသာခြင်းများနှင့် 
လောကီ ဈာန်ချမ်းသာတို့သည်ပင် ဒုက္ခ(ဆင်းရဲခြင်း) ဟူ၍ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့လေသည်။
 ဒုက္ခသဘောကို ၃-မျိုး ခွဲခြား မှတ်သားနိုင်သည်။
(၁)သာမန်ဆင်းရဲခြင်းသဘော ဒုက္ခဒုက္ခ၊
(၂)ဖောက်ပြန်ပျက်စီးမှုကြောင့် ဖြစ်ပေါ်ရသော ၀ိပရိဏာမဒုက္ခ၊
(၃)ပြုပြင်စီရင်ခြင်းခံရသည့် သဘော သင်္ခါရဒုက္ခ။
 လောကတွင် တွေ့ကြုံခံစားကြရသော ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတို့နှင့် 
အတူတကွ ပေါင်းယှဉ်ရခြင်း၊ ချစ်ခင်နှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတို့နှင့် ကွေကွင်းခွဲခွာရခြင်း၊ မိမိလိုအင်ဆန္ဒ မပြည့်ဝခြင်း၊ စိုးရိမ်ပူဆွေးရခြင်း၊ 
ငိုကြွေးရခြင်း၊ စိတ်နှလုံး မသာယာခြင်း သည့် ကိုယ်စိတ်နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့သည် သာမန်ဆင်းရဲခြင်း အနက်သဘောရှိသာ ဒုက္ခဒုက္ခတွင် 
အကျုံးဝင်လေသည်။
 သင်္ခါရဒုက္ခကို နားလည်သဘောပေါက်ရန် သတ္တ၀ါ, ပုဂ္ဂိုလ်, ငါ ဟူသော သဘောတရားများ၏ အရင်းအမြစ်ကို နားလည်ရန် လိုအပ်ပေသည်။ 
သတ္တ၀ါ ပုဂ္ဂိုလ် ငါ ဆိုသည်မှာ အစဉ်အမြဲ ပြောင်းလဲဖြစ်ပျက်နေသော ရုပ်နာမ်တို့၏ အစုအဝေး (ပဉ္စုပါဒါနက္ခန္ဓာ) သည် ဒုက္ခဆင်းရဲခြင်း ဖြစ်သည်။ 
ထို့ကြောင့် သတ္တ၀ါသည် ခန္ဓာငါးပါး၊ ခန္ဓာငါးပါးသည် ဒုက္ခဆင်းရဲခြင်းဖြစ်သည်။
 သတ္တ၀ါ လူ ငါ ဟူသော ခန္ဓာငါးပါးသည် မတည်မြဲ၊ အစဉ်ဖောက်ပြန်ပြောင်းလဲလျက်ရှိ၏။ မတည်မြဲသမျှသည် ဒုက္ခဆင်းရဲခြင်းပင် ဖြစ်သည်။
 ဤဒုက္ခသစ္စာကို ကောင်းစွာသဘောပေါက် နားလည်ရန် အလွန်အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဗုဒ္ခဟောကြားတော်မူသည့်အတို
င်း ဒုက္ခ ဆင်းရဲခြင်းကို မြင်သောသူသည် ဆင်းရဲဖြစ်ပေါ်ကြောင်းကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) ကိုလည်း မြင်၏။ ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ 
သွားရာလမ်းကြောင်း ရောက်ကြောင်း အကျင့်ကိုလည်း မြင်၏။ ထိုသို့ မြင်နိုင်သောကြောင့် ဒုက္ခသစ္စာကို ကောင်းစွာ သဘောပေါက် နားလည်ရန် အလွန် 
အရေးကြီးပါသည်။
သမုဒယသစ္စာ
 သမုဒယသစ္စာ - အရိယာတို့ သိမြင်အပ်သည့် ဆင်းရဲဖြစ်ကြောင်း အမှန်တရားဆိုသည်မှာ ကာမရုဏ်တွင် တပ်မက်ခြင်း၊ ကာမတဏှာ၊ ဘ၀တွင် 
တပ်မက်ခြင်း ဘ၀တဏှာ၊ ဘ၀ပြတ်ခြင်းတွင် တပ်မက်ခြင်း ၀ိဘ၀တဏှာ ဟူသော တဏှာသုံးပါး ဖြစ်၏။ ထိုတဏှာသုံးပါးသည် တဖန်ဘ၀သစ်ကို 
ဖြစ်စေတတ်၏။ နှစ်သက်တပ်မက် စွဲလမ်းခြင်းနှင့်တကွဖြစ်၏။ ထိုထိုဘ၀ ထိုထိုအာရုံတွင် ပျော်မွေ့လေ့ရှိ၏။ ထိုတပ်မက်မှုတဏှာ၊ ရမ္မက်၊ လောဘ၊ 
တောင့်တမှုသည် သတ္တ၀ါတို့၏ ဘ၀ခန္ဓာအစဉ်အဆက်ဖြစ်ရေးကို ဖန်တီးပေးလေသည်။
 ထိုတဏှာသည် ကာမဂုဏ်စည်းစိမ် ပစ္စည်းဥစ္စာ ရတနာနှင့် တန်ခိုးအာဏာတို့ကို စွဲလမ်းတပ်မက်သော သဘောရှိသည်သာမက 
စိတ်ကူးစိတ်သမ်း အထင်အမြင်သဘော အယူအဆတွေးတောချက် ယုံကြည်ချက်တို့ကို စွဲလမ်းဆုပ်ကိုင်ထားခြင်းလည်း တဏှာတွင် အပါအ၀င် 
ဖြစ်လေသည်။ ကမ္ဘာလောကတွင် အန်တုဖက်ပြိုင် ဘေးဒုက္ခဆိုင်လေသမျှသည် ဤကိုယ်ကျိုးရှုတဏှာမှ ဖြစ်ပွားပေါ်ပေါက်လာခြင်းသာ ဖြစ်ပါသည်။ 
ကမ္ဘာ့ပြဿနာအရပ်ရပ်နှင့် ဆင်းရဲဒုက္ခအပေါင်းတို့သည် အတ္တဟိတ ကိုယ်ကျိုးရှု လောဘရမ္မက်ကြောင့် ဖြစ်ပေါ်လာရလေသည်။
 ဘ၀တည်ရှိစေလိုသော၊ ဘ၀ကို ဆက်လက်စေလိုသော၊ တစ်ဘ၀ပြီး တစ်ဘ၀ ထပ်ခါထပ်ခါ ဖြစ်စေလိုသော အာသာဆန္ဒ စေတနာဇော 
ရမ္မက်တဏှာသည် ဤကမ္ဘာတွင် အင်အားအကြီးဆုံးဖြစ်သည်။ ရူပကာယသည် အမှုကိစ္စအားလုံး ဆောင်ရွက်မှု ရပ်စဲ၍ သေဆုံးခြင်းရောက်ပြီဟု 
ဆိုရသောအခါတွင် ဤတဏှာ၏ စွမ်းအင်အဟုန်သည် ရပ်တန့်မှုမရှိဘဲ အခြားရုပ်သန္တာန်တစ်ခုတွင် ဆက်လက်၍ ထင်ရှားပြပြန်လေသည်။ ဤသို့ဖြင့် 
ဘ၀သစ်ကို တဖန်ဖြစ်ပေါ်လာစေပြန်ပါသည်။
 ဘ၀တည်ရှိရန်နှင့် ဘ၀ဖြစ်ပေါ်ရန် စွဲလမ်းသော တဏှာရှိနေသမျှ သံသရာစက်ရဟတ်သည် ကျင်လည်မြဲ ကျင်လည်နေမည်သာဖြစ်သည်။ 
ယင်းစက်ရဟတ်ကို ခုတ်မောင်းနေသည့် အင်အားတည်းဟူသော ဤ “တဏှာ” ကို “အမှန်တရားသစ္စာ (နိဗ္ဗာန်)” ကို မျက်မှောက်ပြုသော မဂ်ပညာဖြင့် 
ဖြတ်တောက်ပစ်နိုင်မှသာ ဤသံသရာစက်ရဟတ်သည် အလည်ရပ်နိုင်တော့မည် ဖြစ်ပေသည်။
နိရောဓသစ္စာ
 နိရောဓသစ္စာ - အရိယာတို့သည် သိအပ်သော ဆင်းရဲမှုချုပ်ငြိမ်းခြင်းအမှန်တရားဆိုသည်မှာ တဏှာ၏ အကြွင်းမဲ့ ပျက်ပြယ်ချုပ်ငြိမ်းခြင်း၊ 
ထိုတဏှာကို စွန့်ခြင်း၊ ဝေးစွာစွန့်ခြင်း၊ ဆုပ်ကိုင်မထားဘဲ လွှတ်လိုက်ခြင်း၊ တွယ်တာမှုကင်းခြင်းပင်ဖြစ်သည်။ ထိုတဏှာ၏ ချုပ်ခြင်းကို နိရောဓနိဗ္ဗာန်ဟု 
ခေါ်ဆိုပါသည်။
 နိရောဓနိဗ္ဗာန်ဆိုသည်မှာ တဏှာ၏ လုံးဝချုပ်ငြိမ်းခြင်း၊ စွန့်ပစ်ခြင်း၊ လက်လွှတ်ခြင်း၊ တဏှာကျွန်ဘ၀မှ လွတ်မြောက်ခြင်း၊ တဏှာမှ 
လွတ်မြောက်ခြင်း၊ တဏှာမှ စွန့်ခွာ ခွဲထွက်ခြင်း၊ ပြုပြင်စီရင်အပ်သော အရာအားလုံးကို ငြိမ်းအေးစေခြင်း၊ ကိလေသာ အညစ်အကြေးဟူသမျှ စွန့်လွှတ်ခြင်း၊ 
တဏှာကို ငြိမ်းသတ်ခြင်းကို ခေါ်ပါသည်။
 တဏှာ၏ကုန်ရာ၊ အမျက်ဒေါသကုန်ရာ၊ တွေဝေမိုက်မဲခြင်းကုန်ရာကို အကြောင်းတရားတို့ မပြုပြင် မစီရင်အပ်သောတရား (အသင်္ခတ) နိဗ္ဗာန် 
ဟုခေါ်သည်။ ဥပါဒါနက္ခန္ဓာငါးပါးတို့တွင် စွဲလမ်းတောင့်တ တပ်မက်မှုကို စွန့်ပယ်ခြင်း၊ ဖြိုဖျက်ခြင်း၊ ဒုက္ခ၏ ချုပ်ငြိမ်းခြင်း၊ ခန္ဓာအစဉ်နှင့် ဘ၀ချုပ်ငြိမ်းခြင်း 
(ဘ၀နိရောဓ)သည် နိဗ္ဗာန်ဖြစ်သည်။
 နိဗ္ဗာန်တွင် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဟူသော ဓာတ်ကြီး (၄) ပါး မရှိ၊ အလျား၊ အနံ၊ အနု၊ အကြမ်း၊ အကောင်း၊ အဆိုး၊ 
အမည်နာမရုပ်သဏ္ဌာန် စသည့်သဘောတို့သည် လုံးဝပျက်ပြုန်းကုန်၏။ ဤကမ္ဘာလည်းမမည်၊ အခြားကမ္ဘာလည်းမဟုတ်၊ လာခြင်း၊ သွားခြင်း၊ 
ရပ်တည်ခြင်း၊ သေဆုံးခြင်း၊ မွေးဖွားခြင်းလည်းမရှိ၊ အာရုံဝတ္ထုဟူ၍လည်း မတွေ့ရတော့ပေ။
 အစဉ်အမြဲတည်ရှိ၍ မဖောက်မပြန် မပြောင်းလဲခြင်း သဘောရှိသော ပရမတ္ထသစ္စာသည် နိဗ္ဗာန်မည်၏။ နိဗ္ဗာန်သည် သစ္စာတကာတို့၏ 
အထွတ်အထိပ် အန္တိမသစ္စာဖြစ်၍ နိဗ္ဗာန်၏ နောက်ကွယ်တွင် သို့မဟုတ် နောက်ဆက်တွဲအဖြစ် မည်သည့်အရာမျှ မရှိနိုင်တော့ပေ။ နိဗ္ဗာန်သည် 
ဘ၀ကွယ်လွန်ပြီးမှသာ ရောက်ရှိနိုင်မည်မဟုတ်ပေ။ ဤ ပစ္စုပ္ပန် (လက်ရှိ အသက်တည်ဆဲ) ဘ၀တွင်ပင် မျက်မှောက်ပြုနိုင်ပေသည်။ နိဗ္ဗာန်ကို 
မျက်မှောက်ပြုပြီးသူသည် ကမ္ဘာတွင် စိတ်အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လေတော့သည်။
 မဂ္ဂင်ခရီးလမ်းကြောင်းအတိုင် စိတ်လက်ရှည်စွာ ပြင်းစွာသော ၀ီရိယဖြင့် လျှောက်သွားပြီးနောက် ကိုယ်တိုင်စင်ကြယ်စေရန် ကျင့်ကြံအားထုတ်၍ 
လိုအပ်သော သီလ သမာဓိ ပညာနှင့် ပြည့်စုံစေပါလျှင် မည်သူမဆို တစ်နေ့တွင် ကိုယ်တွင်းတွင်ပင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပေသည်။
မဂ္ဂသစ္စာ
 မဂ္ဂသစ္စာ - အရိယာတိုသည့် သိမြင်အပ်သော ဆင်းရဲချုပ်ငြိမ်းခြင်းတို့ ရောက်စေတတ်သည့် လမ်းမှန်ဆိုသည်မှာ မှန်စွာမြင်ခြင်း၊ မှန်စွာ 
ကျင့်ကြံခြင်း၊ မှန်စွာ ပြောခြင်း၊ မှန်စွာ ပြုလုပ်ခြင်း၊ မှန်စွာ အသက်မွေးခြင်း၊ မှန်စွာ အားထုတ်ခြင်း၊ မှန်စွာ သတိရခြင်း၊ မှန်စွာ စူးစိုက်တည်ကြည်ခြင်း 
ဟူသော အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် အရိယမဂ်ပင်ဖြစ်သည်။ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ညွှန်ပြသောလမ်းကို မဂ္ဂင်လမ်းဟု ခေါ်သည်။ အစွန်းနှစ်ဖက်ကို 
ဖယ်ရှားသော လမ်းလည်း ဖြစ်သည်။
 ပထမအစွန်းမှာ ယုတ်ညံ့သော သာမန်လူတို့၏ အလေ့ဖြစ်သော အကျိုးကျေးဇူးမရှိသော ကာမဂုဏ်အာရုံကို လိုက်စားမြူးထူး ပျော်ပါးခြင်းအားဖြင့် 
ချမ်းသာမှုကို ရှာဖွေခြင်းဖြစ်သည်။
 ဒုတိယအစွန်းမှာ ဆင်းရဲခြင်းကို ဖြစ်စေသော အရိယာသူတော်ကောင်းတို့နှင့် မထိုက်တန်သော မဂ်ဖိုလ်နိဗ္ဗာန်ရရန်အတွက် အကျိုးကျေးဇူးမရှိသော 
မိမိကိုယ်ကို နှိပ်စက်ညှဉ်းဆဲ၍ ကြိုးပမ်းအားထုတ်ရသော ကျင့်စင်အမျိုးမျိုးအားဖြင့် ချမ်းသာမှုကို ရှာဖွေသောနည်းဖြစ်သည်။
 ဤအစွန်းနှစ်ပါးသည် အချည်းနှီး၊ အကျိုးမရှိ၊ မဂ်ဖိုလ်ရရန် နည်းမှန်လမ်းမှန်၏ ဆန့်ကျင်ဘက်ဖြစ်ကြောင်း သိရှိတော်မူသော ဗုဒ္ဓာမြတ်စွာသည် 
ထိုအစွန်း ၂-ပါးမှ လွတ်သော နိဗ္ဗာန်သို့ ညွှန်ပြသော အလယ်လမ်းမှန်ကို ကိုယ်တော်တိုင် စမ်းသပ်တွေ့ရှိခဲ့ပေသည်။ ထိုလမ်းကား အင်္ဂါရှစ်ပါးရှိသော 
မဂ္ဂင်လမ်းပင်ဖြစ်သည်။ ဗုဒ္ဓဒေသနာတော် အားလုံးသည် ဤမဂ္ဂင်ရှစ်ပါးတရားတွင် တနည်းနည်းဖြင့် အကျုံးဝင်လေသည်။ ထို့ကြောင့် ဤမဂ္ဂင်ရှစ်ပါးကို 
ဒေသနာအားလုံး၏ အဆီအနှစ်ဟု ခေါ်ဆိုနိုင်ပေသည်။
ထိုမဂ္ဂင်ရှစ်ပါးတွင်
 ၁။ သမ္မာဝါစာ (မှန်သောစကားကို ပြောဆိုမှု) ဆိုသည်မှာ မဟုတ်မမှန် ပြောဆိုခြင်းကို ရှောင်ကြဉ်ခြင်း၊ စိတ်ဝမ်းကွဲပြား မညီမညွတ်ဖြစ်စေ၍ 
မုန်းတီးခြင်၊ ရန်ငြိုးဖွဲ့ခြင်းကို ဖြစ်စေသည့်စကား၊ အမနာပစကား၊ ကုန်းချောစကားတို့ကို ရှောင်ကြဉ်ခြင်း၊ ရုန့်ရင်းကြမ်းတမ်းသော ရိုင်းစိုင်းသော 
ရင့်သီးသော အကျိုးယုတ်စေမည်ဖြစ်သော ဆဲရေးတိုင်းထွာခြင်း စသော စကားတို့မှ ရှောင်ကြဉ်ခြင်း၊ အချည်းနှီးဖြစ်သော၊ သိမ်ဖျင်းသော အဓိပ္ပာယ်မဲ့ 
စကားပြောခြင်းနှင့် စကားရောင်း၊ စကားဝယ် ပြုလုပ်ခြင်း၊ အတင်းပြောခြင်းတို့မှ ရှောင်ကြဉ်ခြင်း ဖြစ်သည်။
 ၂။ သမ္မာကမ္မန္တ (မှန်သောပြုလုပ်မှု) ဆိုသည်မှာ လောကကျင့်ဝတ်ကို ထိန်းသိမ်း၍ သဘောထား မြင့်မြတ်စွာဖြင့် ငြိမ်းချမ်းစွာ နေထိုင်ဆောင်ရွက်
နိုင်မှုပင် ဖြစ်သည်။ သတ်ဖြတ်ခြင်း၊ ခိုးယူခြင်း၊ မရိုးသားစွာ ပြုမူဆက်ဆံခြင်း၊ မတရားသော ကာမဂုဏ်ခံစားခြင်းတို့မှ ရှောင်ကြဉ်၍ အခြားသူများကိုလည်း 
ရှောင်ကြဉ်စေရန် ကူညီစောင်မ တိုက်တွန်းခြင်းပင် ဖြစ်သည်။
 ၃။ သမ္မာအာဇီဝ (မှန်သောအသက်မွေးမှု) ဆိုသည်မှာ လိမ်လည်ကောက်ကျစ်ခြင်း၊ တိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ အဆိပ်၊ သေရည်၊ သေရက်၊ 
လက်နက် ခဲယမ်းမီးကျောက် စသည်တို့ကို ရောင်းဝယ်ဖောက်ကားခြင်း စသော သူတပါးအား ဘေးအန္တရာယ် ဖြစ်စေမည့် လုပ်ငန်းဆောင်တာများဖြင့် 
အသက်မွေးဝမ်းကျောင်းမှုကို ရှောင်ကြဉ်ခြင်းပင် ဖြစ်သည်။
 (ဤဖော်ပြပါ သုံးပါးသည် သီလဖြစ်သည်။ ထိုသီလသည် အထက်တန်းလောကုတ္တရာ လုပ်ငန်းများအတွက် မရှိမဖြစ်သော အခြေံခံတရား 
ဖြစ်သည်။ သီလ အခြေခံမပါဘဲ မည်သည့် လောကုတ္တရာ အဆင့်အတန်းကိုမျှ တက်လှမ်းပေါက်ရောက်နိုင်မည် မဟုတ်ချေ။)
 ၄။ သမ္မာဝါယာမ (မှန်သောအားထုတ်ခြင်း) ဆိုသည်မှာ-
 (က) ဆိုးသွမ်းညစ်ညမ်း၍ မွန်မြတ်ခြင်းမရှိသော ကာယကံမှု ၀စီကံမှု မနောကံမှုများ မဖြစ်ပေါ်စေရန်၊
 (ခ) ဖြစ်ပြီးသော ထိုအမှုဆိုးများကို ဖယ်ရှားပစ်ရန်၊
 (ဂ) မဖြစ်သေးသော သန့်စင်မွန်မြတ်သည့် ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများ ဖြစ်ပေါ်လာစေရန်၊
 (ဃ) ဖြစ်ပြီးသော ထိုစိတ်ကောင်းများ၊ အပြုအမူများ ပိုမိုတိုးတက်ပွားများစေရန် ပြင်းပြသော ဆန္ဒဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
 ၅။ သမ္မာသတိ (မှန်သောအောက်မေ့ဖွယ်မှတ်သားမှု) ဆိုသည်မှာ ကိုယ်တွင်းတွင် ဖြစ်ပျက်လှုပ်ရှားနေခြင်းများ (ကာယ)၊ တွေထိခံစားရမှုများ 
(ဝေဒနာ)၊ စိတ်တွင် ဖြစ်ပျက်လှုပ်ရှားနေခြင်းများ (စိတ္တ) နှင့် စိတ်ကူးကြံစည်မှု၊ တွေးတောယူဆမှုများနှင့် အကြောင်းခြင်းရာများ (ဓမ္မ) ကို အပတ်တကုတ် 
လုံ့လပြု၍ စေ့စုံစွာ မလွတ်စေဘဲ စောင့်ကြပ်ကြည့်ရှု သတိပြုနေခြင်းပင် ဖြစ်ပါသည်။ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့ကို ရှုမှတ်ခြင်း သတိသည် သမ္မာသတိ 
ပေတည်း။
 ၆။ သမ္မာသမာဓိ (မှန်သောတည်ငြိမ်မှု) ဆိုသည်မှာ ပထမဈာန်အဆင့်တွင် ၀တ္ထုကာမ၊ ကိလေသာကာမတို့မှ ကင်းဆိတ်သည့်အတွက် 
ကာမဂုဏ်တွင် အလိုရှိခြင်း၊ မကောင်းကြံခြင်း၊ စိတ်ရောကိုယ်ပါ ထိုင်းမှိုင်းညှိုးနွမ်းခြင်း၊ စိတ်မငြိမ်မသက် ပျံ့လွင့်ခြင်း၊ ယုံမှားတွေးတောခြင်း စသော 
နီဝရဆ၇။ သမ္မာသင်္ကပ္ပ (မှန်သောကြံစည်မှု) ဆိုသည်မှာ - ကိုယ်ကျိုးကို စွန့်လွှတ်လိုခြင်း၊ သတ္တ၀ါအားလုံးအပေါ်တွင် မေတ္တာစိတ်ထားခြင်း၊ 
ကြမ်းကြုတ်ရက်စက်သောစိတ် မရှိခြင်း စသည်တို့ ဖြစ်သည်။
 ၈။ သမ္မာဒိဋ္ဌိ (မှန်သောအမြင်) ဆိုသည်မှာ - အကြောင်းအရာများကို မဖောက်မပြန်မှန်ကန်စွာ သိမြင်နားလည်ခြင်းဖြစ်သည်။ အရိယသစ္စာ ၄-
ပါးကို မဖောက်မပြန် မှန်ကန်စွာ သိမြင်ခြင်းပင် ဖြစ်သည်။ ဤသို့ ပရမတ္တတရားကို ထိုးထွင်းသိမြင်ခြင်းသည် ဥာဏ်ပညာအရာတွင် အထွတ်အထိပ်သို့ 
ရောက်ခြင်း ဖြစ်သည်။
 (ဤမှန်သော ကြံစည်မှုနှင့် မှန်သောအမြင်တို့သည် ဥာဏ်ပညာအရာတွင် အကျုံးဝင်လေသည်။)
 အထက်ဖော်ပြပါ မဂ္ဂင်လမ်းသည် လူပုဂ္ဂိုလ်တစ်ဦးစီ အသီးသီး ကိုယ်တိုင်ကိုယ်ကျ လိုက်နာလေ့လာ ထူထောင် ကျင့်သုံးရမည့် နေထိုင်မှု 
လမ်းစဉ်ပင်ဖြစ်ပေသည်။ သီလ၊ သမာဓိ၊ ပညာ အင်္ဂါသုံးရပ်ကို ပြည့်စုံအောင် ထူထောင်ခြင်းဖြင့် အဆုံးစွန် အေးငြိမ်းခြင်း၊ ချမ်းသာခြင်း၊ လွတ်လပ်ခြင်း 
ဖြစ်သော နိဗ္ဗာန်သို့ ရောက်စေနိုင်သည့် လမ်းသာ ဖြစ်ပေသည်။

Reactions:

0 comments:

Post a Comment